နှာခေါင်းရိုး ပုံပျက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ပြဿနာများ
ဘာကြောင့်မှန်းမသိဘဲ နှာခေါင်းအမြဲ ပိတ်ပြီး အသက်ရှူမဝသလို ဖြစ်နေသူတွေ၊ နှာစေးနှာမွှန် ခဏခဏ ဖြစ်နေသူတွေ ရှိကြလား။ အဲလိုတွေဖြစ်တိုင်း အအေးမိနှာစေးတာ၊ ထိပ်ကပ်နာဖြစ်တာလို့ ထင်ပြီး ဆေးတွေသောက်ပေမယ့် ခဏပဲသက်သာပြီး မကြာခဏ ပြန်ပြန်ဖြစ်နေရင် နှာခေါင်းရိုးပုံပျက်တာကို ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။
နှာခေါင်းနှစ်ပေါက် အလယ်ကနေ ခြားထားပေးတဲ့ အရိုးနုနဲ့ အရိုးတွေက အကြောင်းကြောင်းကြောင့် တစ်ဖက်ကို စောင်းလွဲ ပုံပျက်နေပြီး နှာခေါင်းတစ်ပေါက်က ကျန်တစ်ပေါက်ထက် သေးနေတာကို Deviated Nasal Septum (DNS) လို့ ခေါ်ပါတယ်။ အပြင်က မြင်နေရတဲ့ နှာခေါင်းက ပုံမှန်ဖြစ်နေပေမယ့် အတွင်းမှာ DNS ဖြစ်ပြီး ပုံပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဘာတွေ ခံစားရမလဲ?
- နှာခေါင်းတစ်ပေါက်က အမြဲလို ပိတ်နေပြီး ကျန်တစ်ဖက်နဲ့ အဓိက အသက်ရှူနေရတာ
- တစ်ခါတစ်ရံ နှာခေါင်းသွေးထွက်တာ
- ခဏခဏ ပိုးဝင်တာ (နှာရည်ယို၊ နှာပိတ်တာ)
- ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာ
- အိပ်နေစဥ်မှာ နှာခေါင်းပိတ်ပြီး ဟောက်သံလို အသက်ရှူသံပြင်းပြင်း ထွက်တာ
- နှာခေါင်းပိတ်ပြီး အသက်ရှူရ အဆင်မပြေလို့ ကောင်းစွာ မအိပ်ရတာတွေ ခံစားရတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်း…
မွေးရာပါ ဖြစ်နိုင်သလို accident ဖြစ်တာ၊ ထိခိုက်မိတာ၊ အားကစားလုပ်တာ၊ ငယ်ရွယ်စဥ်မှာ နှာခေါင်းပေါ်အောင် မကြာခဏ ဆွဲပေးခံရတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ခံစားရတဲ့အခါ သို့မဟုတ် နှာခေါင်းက သိသိသာသာ ပုံပျက်နေတဲ့အခါ နှာခေါင်းအတွင်းကို မှန်ပြောင်းနဲ့ ကြည့်ခြင်းဖြင့် သေချာစွာ သိနိုင်ပါတယ်။
ကုသမှု…
ရောဂါလက္ခဏာတွေ သက်သာစေဖို့ စတီးရွိုက်ပါတဲ့ နှာခေါင်းဖျန်းဆေးတွေ၊ Decongestants နဲ့ Antihistamine ဆေးတွေ သုံးနိုင်ပါတယ်။
ဆေးတွေနဲ့ မသက်သာတဲ့အခါ Septoplasty လို့ခေါ်တဲ့ နှာခေါင်းရိုးကို ပြန်တည့်အောင် လုပ်တဲ့ ခွဲစိတ်မှုနဲ့ Rhinoplasty လို့ခေါ်တဲ့ နှာခေါင်းကို ပုံစံကျအောင် ပြန်လုပ်တဲ့ ခွဲစိတ်မှုတွေ လုပ်လို့ရပြီး နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးဖို့ လိုအပ်ပါတယ်။
နှာခေါင်းရိုး ပုံပျက်တာက အပြင်ကနေကြည့်ရင် မသိသာလို့ အလှမပျက်ရင်တောင် ခံရခက်တဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်တာမို့ အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ခံစားနေရရင် နှာခေါင်းရိုးပုံပျက်တာကို ထည့်စဥ်းစားပြီး စစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်